ဒီတခေါက်မှာတော့ (Táng) ခေတ်ကဗျာ ဆရာ (王维) (Wáng Wéi) (701-761) ရဲ့ ထင်ရှားတဲ့ 相思(xiāng sī) ဆိုတဲ့ ကဗျာလေးတပုဒ်ကို ကြည့်ရအောင်နော်။
相思(xiāng sī) ဆိုတာကတော့ လွမ်းဆွေး တမ်းတ ခြင်း ကို ဆိုလိုပါတယ်။
“相思(xiāng sī)
红豆生南国 (Hóng dòu shēng nán guó)
春来发几支 (Chūn lái fā jǐ zhī)
愿君多采撷 (Yuàn jūn duō cǎi xié)
此物最相思 (Cǐ wù zuì xiāng sī)
ဒီကဗျာလေးမှာပါတဲ့红豆(Hóng dòu) ခေါ် ပဲနီစေ့ ဆိုတာ အနီ ရောင်နဲ့ အနက်ရောင် စပ်ထားတဲ့ အလွန်ချစ်စရာကောင်း သော ရွေးစေ့လေးများ ဖြစ် ပါတယ်။ မြန်မာ ပန်းထိမ်ဆရာများ ကတော့ ရွှေချိန်တွယ်ရာများ သုံးကြပါတယ်။
ရွှေ ၁ကျပ်သားဟာ ၁၆.၆ ဂရမ်ရှိပြီး မြန်မာအချိန်အတွယ် အရ ၁၆ ပဲရှိပါတယ်။
၁ပဲကတော့ ၈ရွေးရှိ ပြီး ၁ကျပ်သားမှာ ၁၂၈ ရွေး လို့ သတ်မှတ်ပါတယ်။
ပန်းထိမ်မှာ အထည်အပ်ရင် ဥပမာ ၁ကျပ်၊ ၃ပဲ၊ ၄ရွေး ဆိုပါက ၁ိ၊၃ဲ၊၄ွး လို့ရေးပေးကြတာတွေ့ဘူး မှာပါ။
တရုတ် စာပေမှာ ရွေးပင် ကို အလွမ်းသစ်ပင် အဖြစ် သတ်မှတ်ပြီး ရွေးစေ့လေးများဟာ အလွမ်းရဲ့ သင်္ကေတ အဖြစ် သတ်မှတ်ကြပါတယ်တဲ့။ဒီလို သတ်မှတ်ရတဲ့ အကြောင်း ပါးစပ်ရာဇဝင်လေး တစ်ခု ကတော့ဒီလိုပါ။
တစ်ခါက စစ်ထွက်သွားတဲ့ ခင်ပွန်းဟာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။
အိမ်ပြန်မလာနိုင်တဲ့ခင်ပွန်းကို လွမ်းတဲ့ ဇနီးသည်ဟာ နေ့တိုင်းရွေးပင် နားမှာ ငိုကြွေး တမ်းတ ရပါတယ်တဲ့။
ငိုကြွေးရင်းနဲ့ဘဲ ဒီ အပင်နားမှာ ရင်ကွဲနာကျပြီး သေသွားရပါတယ်တဲ့။
အဲဒီကစ လို့ နှောင်းလူ တို့ဟာ ရွေးပင် ကို အလွမ်းသစ်ပင် အဖြစ် သတ်မှတ်ပြီး ရွေးစေ့လေးများဟာ အလွမ်းရဲ့ သင်္ကေတ အဖြစ် သတ်မှတ်ကြပါတယ်တဲ့။
ဒါကြောင့်”红豆”(Hóng dòu) ခေါ် ပဲနီစေ့ ကို”相思豆 (xiāng sī dòu)လို့လည်းခေါ်ကြပါတယ်။
ဒီကဗျာ လေးကို မြန်မာလို နဲ့ အင်္ဂလိပ် လို အောက် ပါအတိုင်း ခံစား ပြန်ဆို ကြည့် လိုက်ပါတယ်။
Love sickness
The red beans grow in the Southland
Flourish on the branches with the spring
I wish you could gather more
As they represent our deepest love that we yearn.
အလွမ်းသစ်ပင်
တောင်ဘက်ဆီမှာ ရွေးနီနီ
နွေဦးနှင့် အတူဝေဝေစည်၊
များများခြွေစေချင် မောင်ကြီးရှင်
အလွမ်းဆုံး ရဲ့ ဒီသစ်ပင်။
အခုအခါမှာတော့ငယ်ရွယ်သူများဟာ ရွေးစေ့လေးများကို ကိုယ့် ခံစားချက်နဲ့ကိုယ် စုဆောင်းကြ လက်ဆောင်ပေးကြပါတယ်။ ရွေးစေ့လေးများနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ များကိုလည်း အဆင်သင့်ဝယ် နိုင်ကြပါတယ်။
စင်ကာပူမှာနေတဲ့သူများ အလွမ်းစေ့များကို စုဆောင်း လိုရင်တော့ အောက်ပါနေရာတွေမှာ ရှိပါတယ် လို့ကြားဘူး ပါတယ်။
1. Near City Hall MRT (in the church compound)
2. Near Dhoby Ghaut MRT
3. Near Jurong Island
ကဲ.. အလွမ်းပင်အောက် မှာ အလွမ်းစေ့လေးများ ကောက်ရင်း အလွမ်းများ ပျောက်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
Thanks for contacting us. We'll get back to you as soon as we can.
About the Author